9 hours ago • KAW THOO LEI BLOOD

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ပါ ဝင်နေပြီး နောင်ချိုမြို့နှင့် ခမရ ၁၁၅ ကို သိမ်းပိုက်မှု၊ မိုးကုတ်၊ကျောက်မဲ၊ မတ္တရာတို့ရှိ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများတွင် ရှေ့တန်းမှ ပါဝင်

ရန်ကုန်၊ ဇွန် ၂၆ 

မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(မန္တလေး) က ပါ ဝင်နေပြီး နောင်ချိုမြို့နှင့် ခမရ ၁၁၅ ကို သိမ်းပိုက်မှု၊ မိုးကုတ်၊ကျောက်မဲ၊ မတ္တရာတို့ရှိ ရှေ့တန်းစခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုတို့တွင် ရှေ့တန်းမှ ပါဝင်နေကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(မန္တလေး)က တရားဝင်ကြေညာသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က  ညီနောင်မဟာမိတ်(၃)ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း”နှင့်အတူ စစ်ဆင်ရေးများကို ဟန်ချက်ညီညီ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း၊  ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် ကျောက်မဲ ၊ မိုးကုတ် ၊ နောင်ချို နှင့် မတ္တရာစစ်မျက်နှာများတွင် မဟာမိတ်များနှင့်လက်တွဲ၍ စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိကြောင်း သိရှိရသည်။ 

လက်ရှိအချိန်တွင် နောင်ချိုမြို့နှင့် ခမရ ၁၁၅ တို့ကို  ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက  အပြည့်အဝထိန်းချုပ်ထားပြီး လက်ကျန်တပ်စခန်းများဖြစ်သည့် ခမရ ၁၁၄ နှင့်  ၆၀၆ အမြောက်တပ်ရင်းများကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိကြောင်း သိရှိရသည်။ 

ထို့ပြင် မတ္တရာမြို့နယ်အတွင်းရှိ ပန်းသလဲတောင်စခန်း ၊ ကျောက်ကြမ်းတောင်စခန်းနှင့် ရေစိုတောင်စခန်းများကို သိမ်းပိုက်ရရှိထားပြီး  အမှတ် ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ် အင်ကြင်းမြိုင်တပ်စခန်းကိုလည်း အပြီးသတ်ရရှိရန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။ 

 မိုးကုတ်မြို့နှင့် ကျောက်မဲမြို့များကို မဟာမိတ်များနှင့်လက်တွဲ၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီစခန်းအများစုကို ထိန်းချုပ်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ 

11 hours ago • KAW THOO LEI BLOOD

၁၀၂၇ စစ်ဆင်ရေး အပိုင်း( ၂ ) တိုက်ပွဲအတွင်း စစ်ကောင်စီ စခန်း ( ၂၄)ခု၊ စစ်သုံပန်း (၁၇ )ဦး နဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရကြောင်း TNLA သတင်းထုတ်ပြန်

ဇွန် ၂၆ - ၂၀၂၄

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကနေ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) အဖြစ် တိုက်ပွဲ ဖော်ဆောင် ရာမှာ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါ စတဲ့ မြိုနယ်တွေမှာ စစ်ကောင်စီ တပ်စခန်း (၂၄) ခု သိမ်းပိုက်နိုင်ပြီး လက်နက်ခဲယမ်း အများအပြားနှင့် စစ်သုံပန်း (၁၇)ဦး ဖမ်းဆီးရမိကြောင်း ဒီကနေ့ သတင်း ထုတ်ပြန်ထား ပါတယ်။

(၂) ရက် တာတိုက်ပွဲ အတွင်း ကျောက်မဲမြို့နယ်ရှိ နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ်(၃၅၂) အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်း အထက်၊ ထွေအုပ်ရုံး၊ ရဲစခန်း စတဲ့ စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် နောင်ချို မြို့နယ်ရှိ ရမခ(၁၁၅)၊ ရဲစခန်း၊ ကံ့ကော်စခန်း၊ ခဲမွန်စခန်း၊ ကျောက်ကြမ်းစခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီး စခန်း တွေကိုလည်း သိမ်းပိုက် ရရှိထားပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့က အလောင်း (၂၀) နဲ့  လက်နက်ချ တဲ့  တပ်သား (၁၇ ) ဦး ကိုလည်း ဖမ်းဆီးရမိပြီး လက်နက်မျိုးစုံ (၅၁)လက်၊ RPG – 7 (၁)လက်၊ ၆၀ မမ (၁)လက်၊ စက်လတ် (၁)လက်၊ ကား (၂)စီး၊ ဒရုန်း ကာကွယ်သည့် ဂျမ်ဘာ၊ စက်သွယ်ရေးပစ္စည်းတွေနဲ့  စစ်အသုံးအဆောင် ပစ္စည်းတွေကို သိမ်းဆည်းရတယ်လို့ သတင်းဖေါ်ပြထားပါတယ်။

--------------------------- 

12 hours ago • KAW THOO LEI BLOOD

မိုးကုတ်မြို့ထဲ အထိ တိုက်ပွဲတွေပြင်းထန်နေပြီး မိုးကုတ် ကားလမ်းပိတ်

ဇွန် ၂၆ - ၂၀၂၄

မိုးကုတ်မြို့ အနောက်ပိုင်း၊ ဒေါ်နန်းကြည်တောင် မှာ ဖြစ်နေတဲ့ TNLA ၊ PDF ပူးပေါင်း တပ်တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေ အကြားတိုက်ပွဲက ဒီနေ့ ဇွန်လ ၂၆ ရက်မှာ မိုးကုတ် အနောက်ပိုင်းမြို့ထဲ အထိ တိုက်ပွဲကူးစက် ပြင်းထန် လာနေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

မြို့ထဲက ရဲစခန်း အပါအဝင် အစိုးရရုံးရှိရာ တွေကို TNLA ပူးပေါင်း တပ်တွေက ဝင်ရောက် တိုက်ခိုက် လာတာကြောင့် မြို့တွင်း အထိပါ ပစ်ခတ်မှုတွေရှိလာလို့ မြို့ခံပြည်သူတွေမှာ မိုးကုတ်မြို့အရှေ့ပိုင်းကိုပင် သွားလာလို့မရတဲ့ အခြေ အနေ တွေ ဖြစ်သွားပြီလို့ သိရပါတယ်။

"အိမ်ထဲကမှာပဲပုန်းနေရတယ်၊ အပြင်မထွက်ရဲဘူး။ အရှေ့ပိုင်းကို တောင် သွားလို့ မရတော့ဘူး။ မနေ့က ဒေါ်နန်းကြည်တောင် ဘက်မှာ တိုက်ပွဲ ဖြစ်တာ၊ ဒီနေ့တော့ မြို့ထဲအထိ ရောက်လာတယ်။ ရဲစခန်းဘက်ဖြစ်နေတာ ဘယ်မှကို သွားမရတော့ဘူး၊ မနက်ကထိ ပစ်နေကြတာ၊ အခုတော့ ငြိမ်နေတယ်၊ တိုက်ပွဲက ဖြစ်လိုက်ရပ်လိုက်ပဲ " လို့ မိုးကုတ်မြို့ အနောက်ပိုင်း ဒေသခံ တယောက်က ပြောပါတယ်။

မိုးကုတ်မြို့ အနောက်ပိုင်းမှာ မြို့ထဲအထိ တိုက်ပွဲတွေ ကူးစက်ကာ ပစ်ခတ်မှုတွေ ရှိလာပေမယ့် မိုးကုတ်မြို့ အရှေ့ပိုင်းမှာတော့ အခြေအနေ တည်ငြိမ် နေဆဲဖြစ်ပြီး မြို့ထဲ သွားလာ လှုပ်ရှားမှုတော့ နည်းသွားတယ်လို့ သိရပါတယ်။

မနေ့က မိုးကုတ်မြို့ အနောက်ပိုင်း တိုက်ပွဲအတွင်း လက်နက်ကြီး ထိမှန် ခဲ့တဲ့ အမျိုးသားနဲ့ အမျိုးသမီး နှစ်ယောက်ကို ညက အရှေ့ပိုင်း ဆေးရုံကြီး ဆီ လူနာတင်ယာဉ်နဲ့ လိုက်ပို့ပြီး အနောက်ပိုင်းကို ပြန်လာတဲ့ လောကဟိတ ပရဟိတ အသင်းကားလည်း ပစ်ခတ်ခံရပြီး လူနာလိုက်ပို့တဲ့ သုံးယောက် ပျောက်ဆုံးနေ ပြီး ကားကိုပဲတွေ့ရှိထားတယ်လို့ သိရပါတယ်။

မိုးကုတ်မှာ ဖြစ်နေတဲ့ တိုက်ပွဲ အပြင် မတ္တရာဘက်မှာ ဖြစ်နေတဲ့ တိုက်ပွဲကြောင့် လက်ရှိမှာ မတ္တရာ - မိုးကုတ်လမ်းက သွားလာလို့ မရတဲ့ အတွက် ကုန်ပစ္စည်းကားတွေလည်း သွားလာမှု ရပ်နား ထားရတယ်လို့ သိရပါတယ်။

Crd – VOM

--------------------------- 

12 hours ago • KAW THOO LEI BLOOD

ဖားကန့်တိုက်ပွဲ စစ်ကောင်စီတပ်အရာရှိအပါအဝင် သေဆုံးထိခိုက်များဟု စစ်ရေးသတင်းရင်းမြစ်ပြော

"မနေ့က ဆိုင်းတောင်တိုက်ပွဲမှာဒဏ်ရာရသွားတဲ့ ဖားကန့်ဗျူဟာမှူး ဒီနေ့ ဖားကန့်ဆေးရုံမှာ သေဆုံးတယ်။ ရဲတပ်ရင်းမှူးက ဒီမနက် ဆိုင်းတောင်ရဲစခန်းမှာ သူတို့ အစည်းအဝေးလုပ်နေစဉ် KIAက ဒရုန်းနဲ့ ဗုံးလာကြဲတဲ့အထဲမှာ သေတာ"

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အရာရှိများ အပါအဝင် သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဇွန်လ ၂၅ရက်နှင့် ၂၆ရက်တွင် ဖားကန့်မြို့နယ် ဆိုင်းတောင်ဒေသအပါအဝင် ဒေသတွင်း၌ KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

"ဒီမနက် ဖားကန့် ဆိုင်းတောင်တိုက်ပွဲတွင် ဖားကန့် ရဲတပ်ရင်းမှူးအောင်သူရနဲ့အတူ ၁၀ယောက် သေဆုံး။ ၆ဦးဒဏ်ရာရတယ်။ မနေ့က ဆိုင်းတောင် တိုက်ပွဲမှာ ဒဏ်ရာရသွားတဲ့ ဖားကန့် ဗျူဟာမှူး ဒီနေ့ ဖားကန့်ဆေးရုံမှာ သေဆုံးတယ်။ ရဲတပ်ရင်းမှူးက ဒီမနက် ဆိုင်းတောင် ရဲစခန်းမှာ သူတို့ အစည်းအဝေး လုပ်နေစဉ် KIAက ဒရုန်းနဲ့ ဗုံးလာကြဲတဲ့အထဲမှာ သေတာ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA သတင်းပြန်ကြားရေးဌာနကလည်း ဖားကန့်တိုက်ပွဲသတင်းကို ယမန်နေ့ညပိုင်းက ဖော်ပြထားရာ ဆိုင်းတောင်၊ မဇွပ်အောင်၊ သင်္ခါ ဒေသတွင် ယမန်နေ့(ဇွန်လ ၂၅ရက်) နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် သေဆုံးထိခိုက်များခဲ့သည်ဟု အသိပေးထားသည်။

အင်အား ၅၀ခန့်ရှိ စစ်ကောင်စီတပ်က ဖားကန့် ၊ ဆိုင်းတောင် ၊ မြို့မ အပါအဝင် ဒေသတွင်း၌ စစ်ရေးလှုပ်ရှားလာ၍ KIA တပ်မဟာ(၉) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ဖားကန့်တိုက်ပွဲ စစ်ကောင်စီတပ်မှအရာရှိများအပါအဝင် သေဆုံးထိခိုက်များပြားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး  ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

KIAနှင့် စစ်ကောင်စီတပ်တို့သည် မိုးမောက်မြို့တွင်လည်း ဇွန်လ ၂၅ရက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဗန်းမော် ၊ မံစီဘက်တွင်လည်း စစ်ကောင်စီက အင်အားဖြည့်တင်းလျက်ရှိကြောင်း KIAက သတင်းဖော်ပြထားသည်။ 

13 hours ago • KAW THOO LEI BLOOD

ကျောက်တံခါးမြို့ပေါ်ရှိ စစ်တပ် ဂိတ်စခန်း ၂ ခုကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၆ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံး

ရန်ကုန်၊ ဇွန် ၂၆

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်း ၂ ခုကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၆ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသ ထံမှ သိရသည်။

ဇွန်လ ၂၅ ရက်နေ့ နံနက် ၁ နာရီ ၃၅ မိနစ်ခန့်တွင် ကျောက်တံခါးမြို့ စျေးပိုင်း ရပ်ကွက် ၁ လမ်းရှိ စစ်တပ် ဂိတ်ကင်းစခန်းနှင့် စျေးပိုင်းရပ်ကွက် ၂ လမ်းထိပ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရွှေဘုန်းတိုး ဂိတ်စခန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်‌ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပဲခူးခရိုင် တပ်ရင်း ၃၇၀၂ နှင့် KNLA တပ်ရင်း ၉ ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၆ ဦးခန့် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၃၇၀၂ မှ ရဲဘော် ၁ ဦး တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့ နံနက် ၂ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး ပစ်ကူနှင့် စစ်ကူ အင်အား ၁၀၀ ဝန်းကျင်ခန့်ပါသော ကား ၅ စီးဖြင့် စစ်ကူများ ရောက်ရှိလာသောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့မှ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ပိန်းဇလုပ် ခလရ ၂၆၄ တပ်ရင်းက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး သမင်အင်းကုန်းကျေးရွာ အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူများ ထိခိုက်မှု မရှိသော်လည်း ပြည်သူပိုင် နေအိမ်များ ထိခိုက်ပျက်ဆီးမှု ရှိခဲ့ကြောင်း သိရှိရသည်။ 

14 hours ago • KAW THOO LEI BLOOD

Breaking News - ကျောက်မဲမြို့ အခြေစိုက် စကခ ၁ လက်အောက်ခံ စစ်ကောင်စီ တပ်သား ၁၇ ဦး လက်နက်ချ အညံ့ခံ

ရန်ကုန်၊ ဇွန် ၂၆

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ အခြေစိုက် စကခ ၁ လက်အောက်ခံ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၇ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန ကပြောဆိုသည်။

ယနေ့ ဇွန်လ ၂၆ ရက် ညနေ ၄ နာရီခန့်တွင် အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁) လက်အောက်ခံ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၇ ဦးသည် တအာင်းတပ်မတော် PSLF/TNLA ထံ လက်နက်ချအညံ့ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

15 hours ago • KAW THOO LEI BLOOD

နောင်ချိုမြို့ ခမရ ၁၁၄ နှင့် ၁၁၅ တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ဂျက်လေယာဉ်ဖြင့် မြို့ထဲကို ဗုံးကျဲ တိုက်ခိုက်နေ 

ရန်ကုန်၊ ဇွန် ၂၆

ရှမ်းပြည်နယ်၊ နောင်ချိုမြို့ ခမရ ၁၁၄ နှင့် ၁၁၅ တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ဂျက်လေယာဉ်ဖြင့် မြို့ထဲကို ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၁၄ နှင့် ၁၁၅ တပ်ရင်းမှ စစ်ကောင်စီ တပ်သားများက နောင်ချိုမြို့ထဲကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး မွန်းလွဲပိုင်းတွင် အဆိုပါ တပ်ရင်း ၂ ခုလုံးကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။ 

တိုက်ပွဲဖြစ်ပွားနေစဉ် အကြမ်းဖက် စစ်တပ်က ညနေ ၃ နာရီ ခန့်မှ စ၍ ဂျက်လေယာဉ်ဖြင့် နောင်ချိုမြို့ကို ပတ်၍ ပျံသန်းကာ ဗုံးကျဲ ပစ်ခတ်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

"ဂျက်လေယာဉ်တွေ မြို့ထဲကို ကျဲနေပြီ။ တော်လျှောက်ချနေတာ။ သံလမ်းအနီးတဝှိုက် မြို့ထိပ်ပေါ့ မိုးဇလရုံးနား ခွေးဂျက်ဖိုက်တာ ဆေးရုံနားဝဲပြီး ကျဲချနေတာ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ 

လက်ရှိချိန်တွင် မြေပြင်မှ ပစ်ခတ်သံများ ငြိမ်သက်နေပြီး လေယာဉ်ပျံဝဲသံသာ ကြားရကြောင်း၊ အကြမ်းဖက်စစ်တပ်သည် ဂျက်ဖိုက်တာ ၂ စီးဖြင့် မြို့ကို ပတ်၍ ဗုံးကျဲနေခြင်းဖြစ်ကြောင်း သိရှိရသည်။ 

16 hours ago • KAW THOO LEI BLOOD

နောင်ချို ခမရ(၁၁၅) တပ်ရင်းနှင့် မိုးကုတ် ဗျူဟာကို TNLA ထိုးစစ်ဆင်တိုက်ခိုက်

ဟန်နွေ/People’s Spring

တအာင်းတပ်မတော်(TNLA)သည် မြို့နယ် ၄ခုရှိစစ်ကောင်စီတပ်များဖြင့်တိုက်ပွဲဖြစ်ပွားလျက်ရှိရာ ယနေ့(ဇွန်လ ၂၆ရက်)တွင် နောင်ချိုမြို့နယ် စစ်ကောင်စီတပ်ရင်း ခမရ(၁၁၅)နှင့် မိုးကုတ်စစ်ကောင်စီဗျူဟာကုန်းအားတိုက်ခိုက်လျက်ရှိကြောင်း TNLAက သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး အဆက်အဖြစ် TNLA ပူးပေါင်းတပ်များက ယမန်နေ့(ဇွန်လ ၂၅ရက်)မနက်မှ စတင်၍ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ ဇွန်လ (၂၆)ရက်နေ့ နေ့လည် (၁)နာရီအထိ တိုက်ပွဲသတင်းကို အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။

နောင်ချိုမြို့  စစ်ကောင်စီ တပ်ရင်း(၁၁၅) ခြေမြန်တပ်ရင်းဌာနတွင် စစ်ကောင်စီနှင့် တအာင်းတပ်မတော် TNLA တို့ ယနေ့ နံနက် ၁၀နာရီ ၄၀တွင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊
မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ် ဗျူဟာကုန်းစခန်းတွင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဖော်ပြထားသည်။

နောင်ချို၊ ကျောက်မဲရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို TNLA ပူးပေါင်းတပ်က သိမ်းပိုက်ရရှိထားကြောင်း ဒေသခံများက ပြောကြားမှုရှိသော်လည်း TNLA၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်စခန်း သိမ်းပိုက်နိုင်မှု အခြေအနေများ ဖော်ပြမထားပေ။

မိုးမိတ်၊ မိုးကုတ်၊ နောင်ချို၊ ကျောက်မဲစသည့် မြို့နယ်များ၌  တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူများအချို့ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းနေကြရကြောင်း TNLAက ထုတ်ပြန်သည်။

TNLA သတင်းပြန်ကြားရေးဌာန တာဝန်ခံလွေးယေဦး၏ယနေ့မနက်ဖြေကြားချက်တွင် နောင်ချိုနှင့် ကျောက်မဲတွင် စစ်ကောင်စီတပ်မိသားစုများကို နေရာရွှေ့ပြောင်းနေပြီး စစ်ကောင်စီကလေကြောင်း၊မြေပြင်တို့မှ စစ်အင်အားဖြည့်တင်းနေသည်ဟု ပါရှိသည်။ 

17 hours ago • KAW THOO LEI BLOOD

စစ်တပ်၏ လှည့်စားလိမ်လည်မှုများကို သတိချပ်ရန် နိုင်ငံတကာအသိုင်းအဝန်းအား မြန်မာသံအမတ်ကြီးတိုက်တွန်း

▪️ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ပစ်သတ်ခံရမှုကို ကုလညီလာခံ၌ အသေးစိတ်ရှင်းလင်း

▪️မြန်မာနိုင်ငံအရေးကိစ္စအတွက် လုံခြုံရေးကောင်စီ၏ အနိမ့်ဆုံးအားထုတ်မှုအပေါ်  စိတ်ပျက်မိဟုဆို

ထားအိ/People’s Spring

အာဏာသိမ်းစစ်တပ်၏ လှည့်စားလုပ်ဆောင်ချက်များကို သတိချပ်ရန် နိုင်ငံတကာအသိုင်းအဝန်းအား ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းသည်။

စစ်တပ်သည် ၎င်းတို့ထိန်းချုပ်ထားသော နိုင်ငံခြားအခြေစိုက် မြန်မာသံရုံးများနှင့် ၎င်းတို့၏ သတင်း ရုပ်သံများမှတဆင့်  သတင်းအမှားများ၊ ဖန်တီးလုပ်ကြံထားသော အချက်အလက်များကိုဖြန့်ဝေကာ နိုင်ငံတကာအသိုက်အဝန်းအား အထင်အမြင်လွဲမှားစေရန် လှည့်စားလုပ်ဆောင်နေကြောင်း ယမန်နေ့(ဇွန်လ ၂၅ရက်)တွင် ကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေး၌ မြန်မာသံအမတ်ကြီးက ပြောကြားသည်။

နိုင်ငံအချို့အနေဖြင့် စစ်တပ်၏ မှန်ကန်မှုမရှိသော သတင်းအချက်အလက်များကို နားယောင်နေသည်မှာ အလွန်အကျည်းတန်ကြောင်းလည်း သံအမတ်ကြီးက ပြောသည်။

စစ်တပ်က ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများအပေါ် မကြာခဏ မဟုတ်မမှန်စွပ်စွဲ အမည်ဖျက်ပြောကြားမှု များစွာအနက်မှ ဇွန်လ ၁၉ ရက်တွင်ဖြစ်ပွားခဲ့သော ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ပစ်သတ်ခံရမှုကို ကုလသမဂ္ဂညီလာခံသို့ အသေးစိတ်ရှင်းလင်းအစီရင်ခံသည်။

ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ပစ်သတ်ခံရမှုဖြစ်စဥ်တွင် စစ်တပ်က ကနဦးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်သည်ဟု သတင်းအမှားဝါဒဖြန့်ခဲ့သော်လည်း မျက်မြင်သက်သေ ကန်သုံးဆင့်ဆရာတော်၏ ရှင်းလင်းမိန့်ကြားမှုအပြီးတွင် အဆိုပါပစ်ခတ်မှုကို ၎င်းတို့၏တပ်ဖွဲ့ဝင်များကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။

စစ်တပ်အနေဖြင့် ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုပေါင်းများစွာ ကျူးလွန်ပြီး ပြည်သူများနှင့် အခြားသူများကိုသာ ပြစ်တင်ပုံချရန် ကြိုးပမ်းခြင်းမှာ ယခုဖြစ်စဉ် တစ်ခုသာမကဘဲ အလားတူ ဖြစ်စဉ် မြောက်များစွာရှိကြောင်း ပြောသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် စစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် အပြီးတိုင် ချုပ်ငြိမ်းစေရန်၊ ရက်စက်ကြမ်းကြုတ်မှုများကြောင့် နစ်နာရသူများအတွက် တရားမျှတမှု ပြန်လည် ဖော်ဆောင်ရန်နှင့် စစ်တပ်အား တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် မြန်မာ့အရေးကိစ္စကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းတင်သွင်းသင့်ကြောင်း မြန်မာသံအမတ်ကြီးက တိုက်တွန်းသည်။

မြန်မာနိုင်ငံအရေးကိစ္စနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီမှ အရေးယူဆောင်ရွက်မှု မရှိသလောက်နည်းပါးသည့် အခြေအနေမှာ အလွန်အင်မတန်မျှ စိတ်ပျက်ဖွယ်ကောင်းကြောင်း သံအမတ်ကြီးက ပြောသည်။

ကောင်စီအဖွဲ့ဝင်နိုင်ငံအချို့၏ ကြိုးပမ်းအားထုတ်မှုများကို ကျေးဇူးတင်ရှိ သော်လည်း ၂၀၂၃ ခုနှစ် တလျှောက်လုံးတွင် လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စအတွက် အနိမ့်ဆုံးအားထုတ်မှုအပေါ် စိတ်ပျက်မိကြောင်း ဆက်ပြောသည်။

ထိုသို့ လုံခြုံရေးကောင်စီမှ အရေးယူဆောင်ရွက်မှု မရှိခြင်း၏ ရိုက်ခတ်မှုသည် မြန်မာပြည်သူများအဖို့ အလွန်ကြီးမားမှုရှိပြီး ပြည်သူများသည် ယင်းပျက်ကွက်မှု၏ ဆိုးရွားသော အကျိုးဆက်များဖြစ်သည့် ပိုမိုအသက်ဆုံးရှုံးခြင်း၊ ပိုမိုကိုယ်လက်အင်္ဂါဆုံးရှုံးခြင်း၊ ပိုမို နေရပ်စွန့်ခွာမှု များပြားလာခြင်း၊ ဒုက္ခပိုမိုကြီးထွားလာခြင်း၊ မျှော်လင့်ချက်များ ပိုမိုမဲ့လာခြင်း အစရှိသော ဒဏ်အမျိုးမျိုးကို ခါးစည်းခံနေရကြောင်း သံအမတ်ကြီးက အထက်ပါညီလာခံသို့ ပြောသည်။

လုံခြုံရေးကောင်စီအနေဖြင့်လည်း အဆိုပါအသက်ဆုံးရှုံးမှုများနှင့် မြန်မာအရပ်သားပြည်သူများအား အကာအကွယ်ပေးရန် ပျက်ကွက်ခြင်းတို့အတွက် တာဝန်ရှိသည်မှာ ရှင်းလင်းမြင်သာကြောင်း သံအမတ်ကြီးက ထောက်ပြသည်။
�ထို့အပြင် နိုင်ငံတကာအသိုက်အဝန်းထံမှ စုပေါင်းအရေးယူဆောင်ရွက်မှုကို ထပ်တူ ထပ်မျှ လိုအပ်ပြီး မြန်မာနိုင်ငံရှိ အပြစ်မဲ့ပြည်သူများ၏ အသက်ကို ကယ်တင် နိုင်ရန် စစ်တပ်ထံသို့ လက်နက်စီးဆင်းမှု၊ လေယာဉ်ဆီစီးဆင်းမှု၊ ငွေကြောင်းစီးဆင်းမှုတို့အား ဖြတ်တောက်ရေးကို လုပ်ဆောင်မည့် မဟာဗျူဟာအားလုံး၏ ဗဟိုအချက်အချာနေရာ၌ ထားရှိရမည်ဟု သံအမတ်ကြီးက တိုက်တွန်းသည်။

သံအမတ်ကြီးသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ဆိုးရွားသော ပကတိအခြေအနေတို့ကို လေးလံသောစိတ်ဖြင့် ထုတ်ဖော်ပြောကြားနေရလင့်ကစား ၎င်းကိုယ်တိုင်နှင့် မြန်မာပြည်သူများအနေဖြင့် တော်လှန်ရေးအပေါ် မျှော်လင့်ချက် ဆုံးရှုံးခြင်းအတိ မရှိဘဲ မြန်မာနိုင်ငံတွင် စစ်အာရှင်စနစ် ကျရှုံးစေရန် နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရန် ခိုင်မာပြတ်သားသည့်စိတ်ရှိပြီးဖြစ် ကြောင်း ကုလညီလာခံသို့ ပြောသည်။

(ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားနေစဥ်။ ဓာတ်ပုံ - မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး) 

1 day ago • KAW THOO LEI BLOOD

နောင်ချိုမြို့ပေါ်ရှိ ရဲစခန်း၊ မိုးဇလရုံးနှင့် ဌာနဆိုင်ရာရုံးများအားလုံးကို  TNLA က သိမ်းပိုက်ပြီး မြို့ကို တော်လှန်ရေးတပ်များ ထိန်းချုပ်၊ မြို့ပေါ်မှ စစ်သားများ ထွက်ပြေးသွား​ပြီး မြို့ထဲသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေ

■ ကျောက်မဲမြို့ပေါ်တွင်လည်း ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးတချို့ကို TNLA က သိမ်းယူ

ရန်ကုန်၊ ဇွန် ၂၆ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ပေါ်ရှိ ရဲစခန်း၊ တရားရုံး အပါအဝင် ဌာနဆိုင်ရာ ရုံးများအားလုံးကို TNLA က သိမ်းပိုက်ထားပြီး မြို့ကို တော်လှန်ရေးတပ်များက ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 

ယမန်နေ့ ဇွန်လ ၂၅ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်မှစတင်ပြီး TNLA အပါအဝင် တော်လှန်ရေးတပ်များက နောင်ချိုမြို့နယ်တွင် စတင် ထိုးစစ်ဆင်ခဲ့ကြောင်း၊ နောင်ချိုမြိုနယ် ကျောက်ကြမ်းရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်   TNLA တို့  တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က တိုက် လေယာဉ်ဖြင့် ဗုံး ၄ ကျဲချခဲ့ကြောင်း၊ နောင်ချိုမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၁၅ ၊ ခမရ ၁၁၄ နှင့် နောင်ချိုမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို TNLA က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် မြို့ပေါ်ရှိ နေရာတချို့ကိုလည်း သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း  သိရသည်။

"နောင်ချိုမြို့ပေါ်မှာ စစ်ခွေးတွေ နေရာချထားတာ ၃ နေရာပဲရှိတယ်။ အဲဒါက ပျူစောထီးရုံးလို့ ခေါ်တဲ့ စစ်မှုထမ်းဟောင်းရုံး၊ မိုးဇလရုံးနဲ့ ရဲစခန်း အဲဒီနေရာ ၃ ခုပဲ စစ်တပ်က အထိုင်ချထားတာ။ အခု အဲဒီရုံး ၃ ခုလုံးမှာ စစ်ခွေးတွေမရှိတော့ဘူး။ အကုန်ထွက်ပြေးကြပြီ။ မြို့ပေါ်ကတော့ TNLA နဲ့ တော်လှန်ရေး တပ်တွေက ထိန်းထားနိုင်ပြီ။ မြို့နယ်ခန်းမနဲ့ မြို့ထဲက ဆိုင်တွေမှာ တော်လှန်ရေးတပ်တွေရှိနေတယ်" ဟု နောင်ချိုမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ 

ယနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက် ၅ နာရီမှစတင်ပြီး စစ်ကောင်စီတပ်များက နောင်ချိုမြို့လယ်ခေါင်နှင့် မြို့ထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး နောင်ချိမြို့နယ်ဆေးရုံဘက်သို့ လက်နက်ကြီးများ တောက်လျှောက် ကျရောက်ပေါက်ကွဲနေကြောင်း သိရှိရသည်။ 

"မနေ့ညက တစ်ညလုံး တိုက်ပွဲက ငြိမ်သွားတယ်။ မနက် ၅ နာရီမှ ပြန်ပြီး တိုက်ကြတာ။ စစ်တပ်က လက်နက်ကြီးတွေနဲ့ မြို့လယ်ခေါင်နဲ့ နောင်ချိုဆေးရုံဘက်ကို ပစ်နေတယ်" ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။ 

နောင်ချိုမြို့နယ် ခမရ ၁၁၄ ၊ ၁၁၅ ၊  တပ်မတော်(ကြည်း) အမှတ် ၆၀၆ ဒုံးတပ် ရင်းတို့ဘက်တွင်လည်း ပစ်ခတ်သံများကြားနေရပြီး ယင်းတပ်ရင်းများကို TNLA က ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရှိရသည်။ 

"ခမရ ၁၁၄ နဲ့ ခမရ ၁၁၅ က မန္တလေး ဘက်ကအဝင် နောင်ချိုဆိုင်းဘုတ်နားမှာ။ တပ်မတော်(ကြည်း) ၆၀၆ ဒုံးတပ်ရင်းက  ဂုတ်ထိပ်တံတားအဝင်လမ်း၊ နောင်ချိုရပ်စောက်လမ်းပေါ်မှာပါ။ တပ်တွေဘက်မှာတော့ တိုက်ပွဲ ဆက်ဖြစ်နေတယ်" ဟု ဒေသပြည်သူကရှင်းပြသည်။

လတ်တလော ကျောက်မဲမြို့ပေါ်တွင်လည်း TNLA နှင့်တော်လှန်ရေးတပ်များ ဝင်ရောက်နေရာယူထားပြီး ရဲစခန်းနှင့် ဌာနဆိုင်ရာ ရုံးတချို့ကို သိမ်းပိုက် ထားနိုင်ပြီဖြစ်ကြောင်း၊ တိုက်ပွဲများ ဆက်လက် ပြင်းထန်လာမည့် အလားအလာရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။ 

ဓာတ်ပုံ- တအာင်းအမျိုးသားအလံ အလံလွှင့်ထူနေသော TNLA တပ်ဖွဲ့ဝင် ၁ ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)